Graphic Design လေ့လာနေတဲ့ ညီတွေ ညီမတွေ သိစေဖို့ (၃)
အပိုင်း (၃) ကို ရောက်လို့လာပါပြီ။ ဒီအပိုင်းမှာ ပြောချင်တာကတော့ ကျနော်က Imagination အကြောင်းက စပြောချင်ပါတယ်။ လူငယ်တွေက Graphic Designer ဖြစ်ချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ … တချို့က ဝါသနာပါတယ်လို့ ယုံကြည်ကြလို့ ဖြစ်ပြီး တချို့က ဝါသနာပါတယ်လို့ ထင်ကြလို့ ဖြစ်ပါတယ်။ နောက်တစ်ခါ အချို့ကတော့ Graphic Designer ဖြစ်ရင် ငွေရမယ် ထင်ကြလို့ပါ။ ဆိုတော့ အပိုင်း ၃ ခု ခွဲလို့ ရပါတယ်။အပိုင်း ၁နဲ့ ၂ က တူမယောင်နဲ့ ကွဲပါတယ်။ ဝါသနာပါတယ်လို့ ယုံကြည်တာနဲ့ ထင်တာနဲ့က အင်မတန်ကွဲပါတယ်။
ဘယ်အချိန်မှာ ကွဲသွားမလဲဆိုရင် အခက်အခဲ တွေ ကြုံရတဲ့အခါမှာ ယုံကြည်တဲ့သူကတော့ အဲဒီ့ အခက်အခဲတွေကို ဖြတ်ကျော်သွားနိုင်ပြီး ထင်ပဲ ထင်ထားတဲ့ သူတွေကတော့ ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။အိုကေ။ ကျနော်က Imagination အကြောင်းကို ပြောချင်တာ ဆိုတော့ ညီတို့ ညီမတို့လည်း တွေးကြည့်ပါ။ ကိုယ့်စိတ်ကူးယဉ်မှုတွေက ဘယ်အတိုင်းအတာအထိလဲ။ ဘယ်လောက်ထိ အောင်မြင်ချင်တာလဲ။ ဘယ်သူက ကိုယ့်ရဲ့ Idol လဲ။ ဒီကစပြီး တွေးကြဖို့ လိုပါတယ်။
ဥပမာ ကျနော်ဆိုရင် ၂၀၁၅ ခုနှစ်မှာ Yangon Pro ဆိုပြီး Page စထောင်ခဲ့တယ်။ လုပ်ဖူးသမျှ Portfolio တွေကို Page ပေါ် ပစ်တင်လိုက်တယ်။ကျနော် မတွေးခဲ့တာက ငါ့ကို ဘယ်သူက ယုံမှာလဲ.. ငါ့ကို ဘယ်သူကများ အလုပ်အပ်မှာလဲဆိုတာ ကျနော် လုံးဝ မတွေးခဲ့ပါဘူး။ ကျနော်က Graphic Design လုပ်ပြီး ငွေ ရှာချင်တာပါ။ ငွေရှာဖို့ Graphic Design လုပ်တာတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီ့ ၂ ခုက တူမလိုနဲ့ အရမ်းကွဲပါတယ်နော်။ ဒါပေမယ့် ကျနော် အစပိုင်းမှာ မအောင်မြင်ခဲ့ပါဘူး။
မအောင်မြင်ရတာက ကျနော့်ကို လူမှ မသိတာလို့ အစက တွေးခဲ့ပါတယ်။ ကျနော့်ကို လူသိအောင် ကျနော် ဘယ်လို လုပ်ရမလဲပဲ အမြဲတွေးပါတယ်။ ကျနော့်မှာ Follower တွေ များဖို့ ကြိုးစားရမယ်လို့ ကျနော် ထင်ခဲ့တယ်။ ကျနော့်ကို လူတွေ အများကြီးသိလေ၊ ကျနော် ပိုအောင်မြင်နိုင်လေလို့ ၂၀၁၅ – ၂၀၁၆ လောက်က တစ်ချိန်လုံး တွေးနေခဲ့ပါတယ်။
ဒါပေမယ့် ကျနော် ၂၀၁၆ ခုနှစ်မှာ Paula Scher ဆိုတဲ့ US က Designer အဖွားကြီး တစ်ယောက်ကို စတွေ့ရှိခဲ့ပါတယ်။ အဲဒီ့နောက် Michael Gericke ဆိုတဲ့ ဘဲကြီးကို ထပ်တွေ့ပါတယ်။ သူတို့တွေ Design အပေါ် ဘယ်လို မြင်တယ်ဆိုတဲ့ ရှုထောင့်တွေ ကျနော် အမြဲ ထိုင်လေ့လာဖြစ်ပေမယ့် ထူးဆန်းတာက ကျနော် သူတို့ဆီက ရလိုက်တာ Design Knowledge တွေ မဟုတ်ဘဲ၊ ဘဝမှာ အောင်မြင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ရသွားတာဖြစ်ပါတယ်။
ကျနော် အမြဲတွေးနေတာက လူတွေ ငါ့ကို ပိုသိမှ ငါ အလုပ်တွေ ရမယ်ပဲ တွေးနေခဲ့ပေမယ့် အဲဒီ့ အဖွားကြီး Paula Scher က သူမကို ကျနော် သိလာအောင် တစ်စက်ကလေးတောင်မှ မလုပ်ခဲ့ဘဲ ကျနော်က သူမကို သိခဲ့ပါလားလို့ ရုတ်တရက် ကျနော် တွေးမိခဲ့တာပါပဲ။အဲဒီ့ အသိတရားက ကျနော့်အတွက် Logo Designer ဘဝကနေ Brand Identity Designer ဖြစ်ဖို့ လမ်းစတစ်ခုဆို မမှားပါဘူး။
ကိုယ်အောင်မြင်အောင် လူတွေအများကြီးက ကိုယ့်ကို သိမှ ရမှာလား?
ဒါမှ မဟုတ် ကိုယ်က ဒီလို အလုပ်လုပ်တတ်တယ်၊ ကိုယ်က ဒီလို ကတိမျိုးပေးတတ်ပြီး ပေးတဲ့ ကတိကို တည်တတ်တယ်၊ ကိုယ်က ဒီလိုတွေ ဖန်တီးတတ်တယ်ဆိုတာကို တစိုက်မတ်မတ် အလုပ်လုပ်လာရင်း လူတွေက သိလာတဲ့အခါ အောင်မြင်သွားတာလား?
ဒီနှစ်ခုကို သေချာ လေ့လာမိတဲ့အခါ ရှင်းရှင်းလေးနဲ့ ရှုပ်နေကြတာ တွေ့ရပါတယ်။ ဥပမာ လူတွေက ဘယ်လိုလူတွေကို Follow လုပ်လေ့ ရှိသလဲ။ Follow လုပ်တယ်ဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ လုပ်ထားတာ ရှိသလို၊ ရင်ထဲက သေသေချာချာ လေးစားလို့ Follow လုပ်တာလည်း ကွဲနေပါသေးတယ်။ (ခလုတ်လေး နှိပ်ရတာကိုးဗျ။ ငွေပေးရတာမှ မဟုတ်တာနော်)
“ဒီ စွပ်ပြုတ်က ပူလိုက်တာဗျ” တဲ့။ ဒီစကားကို ကြားဖူးကြလား။ အဲဒါကတော့ ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်းလ် ကလေးဘဝမှာ ပထမဆုံး စပြီး စကားစတင်ပြောတဲ့ စကားလို့ ပုံပြင်သဖွယ် ဖတ်ရခဲ့ဖူးပါတယ်။ အိုင်းစတိုင်းလ်ဟာ ဖေဖေတို့ မေမေတို့ စကား စမပြောခဲ့ပါဘူး။ မိဘတွေက စကားမပြောတတ်တဲ့ ကလေးထင်ပြီး ဆေးခန်းတွေပါပြရတာပေါ့။ဒါပေမယ့် အသက် ငါးနှစ် နီးပါးမှာ ပြောမယ့် ပြောတော့ “ဒီ စွပ်ပြုတ်က ပူလိုက်တာဗျ” တဲ့လေ။
အိုင်းစတိုင်းလ်ဟာ တစ်သက်လုံး စဉ်းစားတွေးခေါ်ဖို့ မွေးလာသူမျိုးပါ။ သူက စကား ထိုင်ပြောချင်နေတဲ့သူ မဟုတ်ခဲ့ပါဘူး။ လူတွေက အိုင်းစတိုင်းလ်ကို ဘာလို့ ဂုဏ်ပြုနေကြလဲဆိုတော့ သူက သူလုပ်ချင်တဲ့အလုပ်ကို အမြဲလုပ်နေတဲ့သူပါ။ သူပေးတဲ့ ကတိအတိုင်း အမြဲ အလုပ်လုပ်နေလို့ပါ။ အိုင်းစတိုင်းလ်က လူတွေ သူ့ကို သိအောင် (ဒီဖက် ခေတ်စကားနဲ့ဆို follower များအောင်) လုပ်ခဲ့တာမှ မဟုတ်တာ။
ဒီနေ့ခေတ်မှာ တစ်လကို ဒေါ်လာ ငါးသန်း ရှာနိုင်တဲ့ Top YouTuber ဖြစ်တဲ့ လူတစ်ဦးဟာ Mr. Beast ဆိုတဲ့သူပါပဲ။ သူကို လူအချို့က Gamer လို့ လူတွေက ထင်ကြပေမယ့် ကျနော်ကတော့ သူက Gamer မဟုတ်ပါဘူး။ သူက ကတိပေးသူပါ။ ပေးတဲ့ ကတိတည်သူပါ။
လောကကြီးမှာ ကိုယ်ဘာပဲ လုပ်လုပ် ကတိတည်ရပါမယ်။ ကတိကရော တစ်ခါပဲ တည်လို့မရပါဘူး။ ကတိပေါင်းများစွာ တည်ခဲ့တဲ့သူတွေကို လူတွေက ပိုသိကြပါတယ်။ ၂၀၁၇ – ၂၀၁၈ လောက်မှာ ကျနော် သဘောပေါက်ခဲ့တဲ့ အသိတရားကတော့ ငါအောင်မြင်ဖို့ ငါ့ကို လူတွေအများသိအောင် လုပ်ရမှာ မဟုတ်ဘဲ ငါအလုပ်တိုင်းကို ငါကတိတည်ဖို့ပဲ ဆိုတာပါပဲ။ညီတို့ ညီမတို့လည်း ကိုယ့်ရဲ့ Imagination ကို အကောင်အထည်ဖေါ်ဖို့ ဆိုရင် ကတိမှ တပါး။အခြားမရှိပါလေ။
စည်သူမြင့်မောင်မောင်
Design Story