Graphic Design လေ့လာနေတဲ့ ညီငယ် ညီမငယ်တို့ သိစေဖို့ (၂)
ကျနော်တို့ ငယ်စဉ်က စာမေးပွဲဖြေခဲ့ဖူးတယ်မလား။ စာမေးပွဲမှာ အဖြေမှန်ရင် အမှန်ပဲ။ အဖြေမှားရင် အမှားပဲ။ အမှားနဲ့ အမှန် ဒီ နှစ်ခုပဲ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အသက်ရှင်နေရတဲ့ လောကကြီးမှာတော့ အမှား၊ အမှန် နှစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ကျနော်တို့ ရှင်သန်နေကြတဲ့ လောကကြီးမှာ ဒီဂရီ မတူတဲ့ အမှားတွေ ရှိသလို ဒီဂရီ မတူတဲ့ အမှန်တွေ ရှိပါတယ်။ဘာသာတရားနဲ့လည်း သက်ဆိုင်သလို လူပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်တာပေါ့။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာ တစ်ယောက်က အမဲလိုက်ပြီး သားကောင်ကို သတ်လိုက်ရင် သူတပါး အသက်ကို သတ်တဲ့ ကံတစ်ပါးကို ကျူးလွန်လိုက်တာ။ မှားတာလို့ အဖြေထွက်မယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင် တစ်ဦးက သူတို့ ဘာသာရေးနေ့မှာ နွားတစ်ကောင်ကို သတ်လိုက်တာဟာ မှန်နေတဲ့အတွက် အဖြေမှန်ရပြန်တယ်။
အမှားဒီဂရီ၊ အမှန်ဒီဂရီ ဆိုတာ ဘာလဲ။ ခင်ဗျားက အရက်သောက်တာ၊ ဆေးလိပ်သောက်တာဟာ ကျန်းမာရေး ထိခိုက်နိုင်တဲ့အတွက် မှားတာပေါ့။ ဒါဆို အရက်သောက်နေတဲ့ လူ နှစ်ယောက် ရှိမယ်။ တစ်ယောက်က အေးအေးဆေးဆေး အရက်သောက်နေတယ်။ နောက်တစ်ယောက်က အရက်သောက်ပြီး မူးယစ်ရမ်းကားနေမယ်ဆိုရင် အမှားက ဒီဂရီ မတူတော့ဘူး။ ဒီဂရီဟာ သူ့ ပတ်ဝန်းကျင် ၃၆၀ ဒီဂရီကို ဘယ်လောက် သက်ရောက်တဲ့အပေါ် မူတည်လာပြီ။ခင်ဗျားက အရက်၊ ဆေးလိပ် မူးယစ်ဆေးဝါးတွေနဲ့ ကင်းရင် မှန်တာပေါ့။ ဒါပေမယ့် ခင်ဗျားကသာ အရက်မသောက်တာ အရက် ရောင်းနေရင်ကျ အမှန် ဒီဂရီကလည်း မတူတော့ ပြန်ဘူး။
Koestler ဆိုတဲ့ စာရေးဆရာ တစ်ဦးက ပြောဖူးတယ်။ “Two half truths do not make a truth” တဲ့။ တစ်ဝက်ပဲ မှန်တဲ့ အမှန်တရား နှစ်ခု ပေါင်းလို့ အမှန်တရား တစ်ခု မရပါဘူးတဲ့။ ဒါသိပ်မှန်တဲ့ သီအိုရီပဲ။ အစိတ်အပိုင်း နည်းနည်းမှန်တဲ့ အမှန်တရားတွေပေါင်းထားလို့ အမှန်တရား တစ်ခု မဖြစ်နိုင်ဘူး။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ အဲဒါ ဟုတ်မဟုတ် တခြားစာရေးဆရာ အချို့က ဥပမာတွေ ပေးခဲ့ကြပေမယ့် ကျနော်ကတော့ နည်းနည်းရိုင်းတယ် ထင်ရတဲ့ ဥပမာပဲ ပေးချင်တယ်။
ခင်ဗျားမှာ သားလေးတစ်ယောက် မွေးလာတယ်ဆိုပါစို့။ခင်ဗျားမိန်းမကလည်း အိုသွေး၊ ခင်ဗျားကလည်း အိုသွေးပဲ။ ကလေးကလည်း အိုသွေးပဲ။ ဒါဆို ခင်ဗျားသားလေးက ခင်ဗျားနဲ့ ရတာ သေချာနိုင်တဲ့ အမှန်တရား အစိတ်အပိုင်းလေး ထွက်လာတယ်။ ခင်ဗျားသားက ခင်ဗျားနဲ့ နားရွက်လည်း တူတယ်။ နဖူးလည်း တူတယ်ဆိုပါစို့။ နောက်ထပ် အမှန်တရား အစိတ်အပိုင်းလေးတွေ ထွက်လာတယ်။ ခင်ဗျား မိန်းမက ခင်ဗျားနဲ့ ရုပ်ချင်းလည်း တူ၊ သွေးလည်း တူတဲ့ လူနဲ့ ဖောက်ပြန်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ အမှန်တရား အစိတ်အပိုင်းတွေ ဘယ်လောက် ပေါင်းထားပါစေ၊ တကယ့် အမှန်တရား တစ်ခု မဖြစ်လာနိုင်ဘူး။ဒီလိုဆို ဘာလုပ်ရမလဲ။ DNA စစ်ကြည့်မှသာ ခင်ဗျား သိနိုင်တော့မယ်။
ဘာလို့လဲဆိုတော့ DNA ဟာ Unique ဖြစ်နေလို့။ Unique ဖြစ်တယ်ဆိုတော့ လာပြီ။ Unique ဖြစ်တယ်ဆိုတာ ဘာလဲ။ အဲဒါဟာ ခင်ဗျားမှာသာ ရှိပြီး တခြားမှာ မရှိနိုင်တဲ့ အရာပဲ။ ကျနော်က ဖောက်ပြန်တဲ့ ကိစ္စကို ပြောထားတော့ သစ္စာဆိုတာ ပါလာပြီ။ သစ္စာဖောက်တယ်ဆိုတဲ့ စကားကို ကြားဖူးမယ်။
ကျနော်ငယ်စဉ်က တွေးဖူးတယ်။ သစ္စာဖောက်တယ်ဆိုတော့ သစ္စာက ဖောက်လို့ ရတဲ့ ဘောလုံးကြီးလား။ ဘောလုံးဆိုတာ လူ ၁၁ ယောက်စီ ကန်ရတဲ့ ဘောလုံးပွဲက ဘောလုံးကို ပြောချင်တာ မဟုတ်ဘူး။ လေမှုတ်ရတဲ့ ဘောလုံးပါ။ ပေါက်ဖို့ သိပ်လွယ်တယ်။ သစ္စာဆိုတာ ပေါက်ဖို့ သိပ်လွယ်တဲ့ ဘောလုံးနဲ့ တူတယ်ဗျ။ သစ္စာရှိတယ်ဆိုတာ ဘာလဲ။ယောက်ကျားတစ်ယောက်ဟာ ထောင်ကျနေတယ်။ ထောင်ထဲမှာ မိန်းမမရှိဘူး ဆိုပါတော့။ သူဟာ ထောင် ငါးနှစ်ကျခဲ့တယ်။ သူက သူ့ မိန်းမအပေါ်မှာ သစ္စာမဖောက်ခဲ့တာလား။
တကယ်လို့ သူဟာ သူ့ မိန်မနဲ့ ဝေးတဲ့ မြို့ တစ်မြို့မှာ မိန်းမတွေအလုပ်လုပ်ကြတဲ့ KTV တစ်ခုမှာ ငါးနှစ်တိတိ Manager အလုပ်လုပ်ရတယ်။ သူ သစ္စာမဖောက်ခဲ့ဘူး။ ဘာကွာနေလဲ။အမှန်တရားဆိုတာ မှန်တာချင်းတူရင်တောင် မှားလို့ ရရက်သားနဲ့ မမှားခဲ့တဲ့ အမှန်က ပိုဒီဂရီ မြင့်နေတာ တွေ့ရတယ်။ ဒါကြောင့် တစ်ဝက်ပဲ မှန်တဲ့ အမှန်တရား နှစ်ခုပေါင်းလို့ တကယ်မှန်တဲ့ အမှန်တရား မဖြစ်လာနိုင်ဘူး။ တကယ်မှန်တဲ့ အရာဆိုတာ သစ္စာပဲ။ သစ္စာဆိုတာ မှန်ကန်တဲ့ ကတိတည်တာနဲ့ တူတယ်။ဒါဆိုလာပြီ။ Brand ဆိုတာ ဘာလဲ။ Brand ဆိုတာက ကတိပဲ။ သစ္စာပဲ။ မိန်းမမရှိတဲ့ နေရာမှာ နေရလို့ သစ္စာမဖောက်ခဲ့တာ မဟုတ်ဘူး။ မှားလို့ ရရက်နဲ့ မမှားခဲ့တဲ့ အမှန်တရားဟာ Brand ပဲ။
Coca Cola ဟာ သူ့လိုဂိုကို လုံးဝ ပြောင်းပစ်ခဲ့ဖူးတယ်။ သူတို့တွေ ရောင်းအား ထိုးကျသွားတယ်။ သူတို့ချက်ချင်းပဲ အရင်လိုဂိုနဲ့ဆင်တဲ့ လိုဂိုကို ပြောင်းလဲလိုက်ရတယ်။ သူတို့ မှားခဲ့တယ်။ ဒါပေမယ့် သူတို့ မှားတာဟာ ဖောက်ပြန်တဲ့ အဆင့်မဟုတ်ခဲ့ဘူး။ အမှားဒီဂရီ နည်းခဲ့တယ်။ ကံကောင်းစွာ သူတို့ ပြင်နိုင်ခဲ့တယ်။
ဟင်းချက်ဖူးလား။ ဟင်းမချက်ဘူးလည်း ခင်ဗျား ထမင်းတွေ၊ ဟင်းတွေတော့ စားဖူးလိမ့်မယ်။ အငန်ပေါ့နေရင် ဘာလုပ်မလဲ။ ဆားနည်းနည်း ထည့်မှာပေါ့ဗျ။ ဘာလို့လဲလို့ ကျနော်မေးမယ်။ ဆားက ငန်တယ်လေလို့ ခင်ဗျားက ဖြေမယ်။ အဲဒါ ကတိပဲလေ။ ဆားက သူအမြဲငန်ပေးနေတယ်။ အဲဒါ Brand ပဲ။ ဆားက တော်ကြာနေ ငန်လိုက်၊ တော်ကြာနေ ချိုလိုက်လုပ်နေရင် အငန်ပေါ့လို့ဆိုပြီး ခင်ဗျား ဆားကို သုံးလို့ ရပါတော့မလား။ဒီလောက်ဆို Brand တစ်ခုကို ကိုယ်စားပြုရမယ့် Logo ကို ဆွဲဖို့ ခင်ဗျားကိုယ်တိုင်လည်း အမှန်တရား တစ်ဝက်တွေ ပေါင်းစပ်ပြီး အမှန်တရားတစ်ခု မဖြစ်လာနိုင်ဘူး၊ လိုဂိုကောင်းတစ်ခု မဖြစ်လာနိုင်ဘူး တွေးတတ်မယ် ထင်တယ်။
Sithu Myint Mg Mg