Criticism နဲ့ bullying ကို ကွဲပြားကြပါစေ
သိုင်းလောကမဟုတ်တဲ့ Design လောကအကြောင်း ပြောပါဦးမယ်။ Designer စလုပ်ခါစမှာ ဘယ်သူမှ မသိလောက်ဘူး ထင်ပြီး အင်တာနက်ပေါ်က Design တစ်ခုခုကို 100% နီးပါး မှီငြမ်းခဲ့ဖူးတဲ့ လူငယ်တွေ မနည်းလောက်ပါဘူး။လူဆိုတာ မှားတတ်တဲ့ အမျိုးပါပဲ။ ကျနော်လည်းမှားခဲ့ဖူးတယ်။ တစ်ခါလေးတောင် မဟုတ်ဘူး။ ခဏတိုင်း အမှားတွေ ကျူးလွန်ဖူးတယ်။ ဒါပေမယ့် ကျနော် ပြင်ဖို့ ကြိုးစားခဲ့တယ်။
ကျနော့်ကို ပြင်ဆင်ဖို့ အခွင့်အရေးပေးခဲ့သူတွေ ရှိနေလို့ ကျနော် ဒီနေ့ ဒီလို အောင်မြင်နိုင်တာ။ ဒါကြောင့် ကျနော်အလှည့်ကျလည်း Junior တိုင်းကို အခွင့်အရေး ပြန်ပေးရမယ် မဟုတ်ပါလား။ အင်တာနက်ပေါ်က လိုဂိုတွေကို Ref လုပ်ထားတာတွေ မြင်နေရတာပဲ။ ကျနော် ဘယ်သူ့ကိုမှ Personal Attack မလုပ်ဖူးခဲ့ဘူး။ သိတဲ့သူ ဖြစ်ဖြစ်၊ မသိတဲ့ သူ ဖြစ်ဖြစ်၊ ပြိုင်ဖက်ကို ဖြစ်ဖြစ်ပါ။ နောက်ဆုံး ကျနော့် လိုဂိုကို ယူသုံးထားတဲ့ လိုဂိုကို တွေ့ခဲ့တာတောင် Attack မလုပ်ခဲ့ပါဘူး။ (ကလိုင်းရန့်ကိုတော့ အသိပေးခဲ့ပါတယ်။ လိုဂိုက Client ပိုင်တာ ဖြစ်တဲ့အတွက် Client က ဆုံးဖြတ်ချက်အတိုင်းပဲလေ)
ဆရာ အဖြစ် မခံယူချင်ပါဘူး။ ဒါကြောင့် ကျနော့် တပည့်တွေလို့ ဘယ်သူ့ကိုမှ မသုံးချင်ပါဘူး။ Junior လို့ပဲ ပြောချင်ပါတယ်။ ဒီလိုပါ။ ကျနော့် Junior တစ်ယောက်ကို သူ့လိုဂိုတွေကို သေသေချာချာ လိုက်ရှာပြီး အပြစ်ပြောစရာ တွေ့တဲ့ လိုဂိုတွေကို ဒါက ဘယ် Website ထဲက ယူသုံးထားတာဆိုပြီး by name နဲ့ Attack လုပ်နေတဲ့ Page ကို တွေ့တော့ ကျနော် တကယ် Shock ရသွားတယ်။လူကသာ Design လုပ်နေတာ ကြာခဲ့တာ။ ကျနော် ဘယ် Designer တွေနဲ့ မှ သေချာလည်း မသိဘူး။ ဘယ် အသင်းအဖွဲ့မှလည်း မဝင်ဖြစ်ခဲ့ဘူး။
တစ်ခါသားမယ် မြန်မာနိုင်ငံ Graphic Design နဲ့ ဆိုင်တဲ့ အသင်းအဖွဲ့တစ်ခုထံ ကျနော် သွားပြောဖူးတယ်။ ကျနော် Designer ပါ။ ကျနော့် Portfolio တွေက ဒီမှာပါ။ လိုအပ်တာ ကူညီပေးဖို့ အသင့်ပါလို့ Chat Box က သွားပြောမိပါတယ်။ Seen ပြပြီး လုံးဝ Reply မလုပ်ပါဘူး။ ကျနော်က ကူညီချင်ရုံပဲ။ ဘာနေရာမှ မလိုချင်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။အဲဒီ ကတည်းက ကျနော့် ဘာသာ Low Profile နဲ့ နေတယ်။ ကျနော့် Yangon Pro မှာ HR လိုတော့လည်း ကျနော့်မှာ Designer အသိလည်း မရှိဘူး။ ရှာရ အရမ်းခက်တာပါ။ ဒါပေမယ့် Connection တွေ မတည်ဆောက်ချင်ဘူး။ ရှုပ်ထွေးတဲ့ လူတွေကြားမှာ စိတ်ရှုပ်ရလွန်းလို့ပါ။
ကျနော် YouTube စလုပ်တုန်းကလည်း ဒီလိုပဲ။ သင်တန်းဆရာတစ်ယောက်က ကျနော့်ကို မေးတယ်။ စျေးကွက် လိုက်ဖျက်နေတာလားတဲ့။ ကျနော် နားမလည်ဘူး။ သူတို့က Software တွေ သင်နေတာ။ ကျနော်က ဘာ Software မှလည်း မသင်ဘူး။ သူတို့က သူတို့ စျေးကွက်ကိုတောင် မသိတဲ့ လူတွေပါလားလို့ အံသြမိတယ်။ ဒါပေမယ့် စလုပ်မိမှတော့ မထူးဘူး။ ယုံကြည်ချက်အတိုင်း ငါ ဆက်လုပ်မယ်ဆိုပြီး ဆက်လုပ်ခဲ့ပါတယ်။
Video အခု ၃၀ လောက် တင်ပြီးခဲ့သလို Graphic Designer ညီငယ်၊ ညီမငယ်ပေါင်း ၁၂၀၀ ကျော် ကျနော့် channel မှာ ကြည့်နေကြပါပြီ။ ပြောချင်တာက အဲဒီ့ Junior လေးကို Attack လုပ်နေသူတွေက သူတို့ Page မှာတင် မဟုတ်ဘူး။ အဲဒီ့ ညီရဲ့ Client တွေကိုလည်း သွားပြောထားကြသလို နောက်ဆုံး ကျနော့် YouTube Channel အထိပါ ဒီကလေးက လိုဂိုတွေ အွန်လိုင်းပေါ်က ယူဖူးတဲ့ အကြောင်း ရေးထားတဲ့ Page က Link တွေကို လာပို့ကြတာ။ကြောက်စရာကောင်းလိုက်တာ။ ဘာလို့များ လူတစ်ဦးရဲ့ ဘဝကို ဖြတ်ရိုက်ချင်ကြတာလဲ။
ကျနော့် Design Story ကို တောက်လျှောက် အားပေးပြီး လေ့လာနေတဲ့ ညီတွေ၊ ညီမတွေကို ကျနော်မှာချင်ပါတယ်။ ခင်ဗျားတို့လည်း တချိန်ကျရင် အဲလို လူတစ်ယောက် ဘဝကို ဖြတ်ရိုက်ဖို့ မလုပ်ကြပါနဲ့လို့။ မလုပ်မိကြပါစေနဲ့လို့ အထပ်ထပ်မှာပါတယ်။ကျနော်က တပည့်လို့ မသတ်မှတ်ပေမယ့် တကယ်လို့ ခင်ဗျားတို့က သင်ဆရာ၊ မြင်ဆရာလို့ ကျနော့်ကို သတ်မှတ်တယ်ဆိုရင် ဘယ်တော့မှ သူများ ဘဝ၊ သူများ ဘဝအောင်မြင်မှုကို မရိုက်ချိုးမိကြပါစေနဲ့။ အကယ်၍ ဒီလို 100%.. 90% နီးပါး ယူထားတဲ့ လူကို တွေ့ရင် သူ့ကို တိုက်ရိုက် သွားပြောလိုက်ပါ။ ဒါလေးတော့ ပြင်သင့်တယ်လို့။ ဒါက ကောင်းသော လမ်းညွှန်ခြင်း ပါ။ သူမပြင်ရင် သူအောင်မြင်လာမှာ မဟုတ်ဘူး။
ခင်ဗျားက သွားပြီး ရိုက်ချိုးနေဖို့ကို မလိုတာပါ။အော်… ဒီနေ့ သတင်းလေး ၂ ခု ကြားရတယ်။ ဒေါ်စု တရားရင်ဆိုင်နေတဲ့ သတင်းနဲ့ အငြိမ်းဆိုတဲ့ သူရဲကောင်းမလေး သတင်းပေါ့။ သူ့ဘာသာသူ သမ္မတ မဖြစ်နိုင်တော့ ဒေါ်စုကို ဖမ်းပြီး နိုင်ငံအကြီးအကဲ လုပ်နေတဲ့ စကစ မအလ ဆိုတာ စစ်တပ်ထဲတင် မဟုတ်ဘူး။ Design လောကမှာပါ ရှိပါလားလို့ အံသြမိတော့တာပဲ။ ဒါပေမယ့် အဲလို လုပ်နေတဲ့ လူတွေကိုလည်း မြန်မြန် အသိတရားရကြပါစေ ဆုတောင်းပါတယ်။
ကျနော်က စာရေးဆရာလည်း ဟုတ်တယ်ဆိုတော့ စာပေမှာ စာပေ ဝေဖန်ရေးသမားဆိုတာ ရှိတယ်။ စာပေဝေဖန်ရေးသမားဆိုမှတော့ စာပေအကြောင်းတကယ် သိမှ ရမှာပေါ့။ စာကိုလည်း ခေသူမဟုတ် ရေးတတ်နေမှ ရမှာပေါ့။ အကယ်၍ ညီတို့က လိုဂို ဝေဖန်ရေးသမား ဖြစ်ချင်ရင် ညီတို့လည်း လိုဂိုကို လုပ်နိုင်ရမယ်။ Professional Logo ဝေဖန်ရေး လုပ်ကြတာတွေ နိုင်ငံခြားမှာ ရှိပါတယ်။ Account အတုနဲ့ မဟုတ်ဘူး။ Page ဖွင့်ထားရင်လည်း Admin က ဘယ်သူ လုပ်တယ် ပေါ်တင် လုပ်ကြပါ။ ကောင်းသော၊ မှန်သော Approach ဖက်ကို သွားပါ။
Criticism နဲ့ bullying ကို ကွဲပြားကြပါစေ။အဲလိုမှ မဟုတ်ရင်တော့ မင်းတို့ကလည်း ဒေါ်စုကို ဖမ်းထားမှ အုပ်ချုပ်လို့ရမယ့် မင်းအောင်လှိုင်တွေပါပဲ။ကျနော်ဆုတောင်းနေမိတာကတော့ ဒီကလေးကို Personal Attack လုပ်နေသူတွေက ကျနော့် Channel Subscriber 1200 ကျော်ထဲက မဖြစ်ပါစေနဲ့လို့။ကျနော့် နောက် Video တွေမှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို သင်ပေးနေဦးမှာပါ။
Sithu Myint Mg Mg